Friday, 08 February 2019 05:22

FDA cars

ရပ်နားထားသော FDA ရွေ့လျားဓာတ်ခွဲယဉ်များ (ဓာတ်ပုံ − ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ၏ရွေ့လျားဓာတ်ခွဲယာဉ်များကို တိုင်းနှင့်ပြည်နယ်များသို့ မကြာမီဖြန့်ဝေမည်ဟု
FDA မှ ရန်ကုန်ရုံးခွဲတာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဝန်ကပြောကြားခဲ့ပါတယ်။

လက်ရှိတွင် ယင်းရွေ့လျားဓာတ်ခွဲယာဉ် (Mobile Laboratory Van) များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊မွန်၊
ကရင်၊ ရခိုင်စသည့်ဒေသ ရှစ်ခုတွင် ဖြန့်ဝေထားတယ်လို့ သိရပါတယ်။ ကျန်ရှိနေသေးတဲ့ တိုင်းနှင့်ပြည်နယ်များမှာလည်း အဆိုပါယာဉ်များပေါ်တွင်
တပ်ဆင်ထားသောပစ္စည်းများနှင့် ပတ်သက်သော သင်တန်းများပေးနေပြီး ယင်းသင်တန်းများပြီးပါက ယာဉ်များကိုဆက်လက်ဖြန့်ဝေမယ်လို့
ဒေါက်တာမင်းဝန်ကပြောကြားထားပါတယ်။

‘‘ကားတွေကတော့ အကုန် လုံးရှိနေပြီးသားပါ။ Lab အပေါ် မှာ တကယ်အသုံးပြုမယ့် ပစ္စည်းတွေနဲ့ပတ်သက်ပြီးသင်တန်းပေးနေတာ။
ဘာလို့ဆို ပစ္စည်းရဲ့တန်ဖိုးကလည်းကြီးတယ်။ ကျွမ်းကျင်မှုမရှိရင် ထွက်လာတဲ့အဖြေကလည်း လုပ်ငန်းရှင်တွေအတွက် အများကြီး နစ်နာသွားနိုင်တယ်။
ကိုယ့်ဘက်က မှားပြီးတော့ မကောင်းဘူးပြောလိုက်မိရင်၊ ပြီးတော့ ကိုယ့်ဘက်ကမှားပြီး ကောင်းတယ်လို့ပြောလိုက်မိရင်လည်း ပြည်သူကနစ်နာမယ်ဆိုတော့
သင်တန်းကတော့သေချာပေးနေတာပေါ့’’ဟုလည်းပြောခဲ့ပါတယ်။

အစားအသောက်၊ ဆေးဝါး နှင့် အလှကုန်ပစ္စည်းများ၌ ဓာတုဆိုးဆေး၊ ပိုးသတ်ဆေးကြွင်း၊ မှိုဆိပ်နှင့် စားသုံးရန်မသင့်သော တာရှည်ခံဆေး စသည်တို့ပါဝင့်ခြင်းရှိ၊မရှိ
အဆိုပါယာဉ်တွင်စစ်ဆေးနိုင်သဖြင့် ပြည်သူများရဲ့ကျန်းမာရေးအတွက် ဘေး အန္တရာယ်ဖြစ်စေနိုင်တဲ့အရာများ ပါဝင်မှုရှိ၊မရှိ ပိုမိုကျယ်ပြန့်ထိရောက်စွာ စစ်ဆေးနိုင်မည်ဖြစ်သည်။
ထို့အပြင် ရွေ့လျားယာဉ်ဖြစ်သဖြင့် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူများအတွက် စစ်ဆေးပေးနိုင်မည်ဖြစ်ပြီး တွေ့ရှိသောရလဒ်များကို ပြည်သူများထံသို့
အချိန်နှင့်တစ်ပြေးညီအသိပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရှိမှာဖြစ်ပါတယ်။

‘‘ငရုတ်သီးမှုန့်တွေအတွက်လည်းအများကြီးပါတယ်။ ငရုတ်သီးမှုန့်က ဒီနေ့သွားစစ်တယ်။ ယူလာပြီးနောက်နေ့ပြန်သွားရင် အဲဒီငရုတ်သီးမှုန့်က
မရှိတော့ဘူးပေါ့နော်။ တချို့ကလည်း နည်းနည်းလေးကြိတ်ထားတာ၊ တစ်ချို့ကလည်း ကုန်သွားပြီး စသဖြင့်ပေါ့။ အဲဒီတော့ Mobile Lab တွေထဲမှာ
အဲဒါကိုချက်ချင်းပြီးအောင်စစ်နိုင်မယ့် ပစ္စည်းလေးတွေတပ်ပေးထားတယ်။ တစ်ခါတည်းစစ်၊ တစ်ခါတည်းတွေ့၊ တစ်ခါတည်း ဖျက်ဆီးပစ်လို့ရတယ်’’
လို့ ဒေါက်တာမင်းဝန်ကပြောပါတယ်။

Source:7DayDaily(ယမင်း)


Read 50 times Last modified on Friday, 08 February 2019 06:34
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.