Thursday, 07 February 2019 07:56
    How-to-Cook-Dried-Beans-sq.jpg
     
    အိန္ဒိယနိုင်ငံ ဗဟိုအစိုးရ၏ ပဲတင် သွင်းခွင့်ကန့်သတ်ပမာဏကို ကျော်လွန်နေပြီဖြစ်သည့်အတွက် ယင်းအစိုးရက ပဲတင်သွင်းခွင့်ကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် မြန်မာနိုင်ငံမှ ပဲမျိုးစုံတင်ပို့ခွင့်မရနိုင်တော့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ အိန္ဒိယစီးပွားရေး သံမှူးမှတင်ပို့သည့် အစီရင်ခံစာကို ကိုးကား၍ ယင်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။
     
    လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံ၏ ပဲစင်းငုံတင်သွင်းခွင့် ပမာဏစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းနှင့် မတ်ပဲကို ၇၀ ရာခိုင်နှုန်းကျော် မြန်မာနိုင်ငံက တင်ပို့ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။
     
    “အရင်က တန်ချိန်ကန့်သတ် ဝယ်ယူနေရာကနေ သူတို့ (အိန္ဒိယ) ရဲ့ ပြည်တွင်း လိုအပ်ချက်ကြောင့် ပြည်နယ်တရားရုံးတွေကနေ တင်သွင်းခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ အခုက Supreme Court (နိုင်ငံတော် တရားရုံးချုပ်) က သတ်မှတ်ပမာဏ ကျော်လွန်လို့ ပိတ်လိုက်တာပါ”ဟု အဆိုပါ အရာရှိက ဆိုသည်။
     
    အိန္ဒိယသို့ ယခုဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီလကုန်အထိ မတ်ပဲတန်ချိန် သုံးသိန်းကျော် တင်ပို့ထားပြီး ယင်းပမာဏမှာ ပြီးခဲ့သည့် နှစ်ကာလတူကထက် တန်ချိန်နှစ်သိန်းကျော် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပဲစင်းငုံကို ယခု ဘဏ္ဍာနှစ် လေးလအတွင်း တန်ငါးသောင်း ကျော်တင်ပို့ထားပြီး ပြီးခဲ့သည့်နှစ်ကထက် တန်တစ်သောင်းကျော် ပိုမိုတင်ပို့ထားနိုင်ကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာနထံမှ သိရသည်။

     
    လက်ရှိအိန္ဒိယအစိုးရ၏ ပဲတင်သွင်း ခွင့်ကန့်သတ်ချက်မှာ ယခုနှစ် မတ်လ ၃၁ ရက်နေ့အထိဖြစ်သည့်အတွက် ယင်းကာလအထိ ပဲတင်ပို့ခွင့်ရတော့မည်မဟုတ်ဘဲ ယင်းကာလကျော်လွန်မှသာ တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။
     
    “အဲဒီလို သုံးလပိုင်းကုန်မှ တင်ပို့ခွင့် ရမယ်ဆိုရင်တော့ အစိုးရအနေနဲ့ လေးလပိုင်းထဲ တင်ပို့ခွင့်ရအောင် လုပ်ပေးဖို့လိုပါတယ်။ ဘာလို့ဆို ပဲထွက်ကာလကလည်း အရမ်းကပ်နေပြီဆိုတော့လေ”ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
     
    ပြီးခဲ့သည့်နှစ်က မတ်ပဲနှင့် ပဲတီစိမ်းကို တန်ချိန်တစ်သိန်းခွဲစီနှင့် ပဲစင်းငုံ တန်ချိန် နှစ်သိန်းကို အိန္ဒိယသို့ ဇန်နဝါရီ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်နေ့အထိသာ တင်ပို့ခွင့်ပြုခဲ့သော်လည်း ယင်းနိုင်ငံ၏ လိုအပ်ချက်ကြောင့် ပြည်နယ်တရားရုံးများ၏ ခွင့်ပြုချက်ဖြင့် ပဲများဆက်လက် ဝယ်ယူခဲ့သည့်အတွက် ခန့်မှန်းထားသည်ထက် ပဲတင်ပို့မှု များပြားခဲ့သကဲ့သို့ ပဲဈေးနှုန်းများလည်း မြင့်တက်လာခဲ့ကြောင်း ပဲကုန်သည်များထံမှ သိရသည်။
     
    ထိုသို့ အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းခွင့် ရပ်ဆိုင်းလိုက်သည့်အတွက် ပြီးခဲ့သည့် ရက်ပိုင်းက ပြည်တွင်း၌ မတ်ပဲနှင့် ပဲစင်းငုံ ဈေးထိုးကျနေရာမှ အိန္ဒိယဘက်က မဝယ်သော်လည်း ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများက ဈေးတိုးပေး၍ ဝယ်ယူမှုကြောင့် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် မတ်ပဲ တစ်တန်လျှင် ကျပ် ၂၄,၀၀၀ မှ ၃၄,၀၀၀ အထိနှင့် ပဲစင်းငုံတစ်တန် ကျပ် ၂၂,၀၀၀ ခန့်သို့မြင့် တက်ကြောင်း ပဲကုန်သည်များထံမှ သိရသည်။
     
    လက်ရှိပဲဈေးကွက်အတွင်း မတ်ပဲ (FAQ) တစ်တန်လျှင် ကျပ် ၆၁၀,၀၀၀၊ မတ်ပဲ (SQ) တစ်တန်လျှင် ၇၅၂,၀၀၀ နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၇၂၇,၀၀၀ ခန့် ဈေးရှိကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရသည်။
     

    Read 21 times Last modified on Thursday, 07 February 2019 08:02
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.