ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် လက်ရှိ အသုံးပြုလျက်ရှိသည့် အင်းစိန် အမှတ်(၂) ၊ရထားလမ်းခုံးကျော်တံတားနှင့် ဆက်သွယ်ထားသည့် ခုံးကျော်တံတားသစ် ဆောက်လုပ်ရာတွင် ရာနှုန်းပြည့် ပြီးစီးနေသည် ဖြစ်သည်။
အဆိုပါ ခုံးကျော်တံတားသစ်သည် မင်းကြီးလမ်းဘက်ခြမ်းတွင် တည်ရှိပြီး ဆောက်လုပ်မှုသည် ရာနှုန်းပြည့်နီးပါး ဆောက်လုပ်ပြီးစီးနေသည် ဖြစ်၍ (၂၀၂၁) ခုနှစ် ၊ ဇန်နဝါရီ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ယင်းခုံကျော် တံတားသစ်အား ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း တံတား တည်ဆောက်ရေးစီမံကိန်းတာဝန်ခံရုံးမှ သတင်းထုတ်ပြန်ထားသည်။
ယခင်အင်းစိန် မီးရထားခုံးကျော်တံတားကြီးအား ဆက်သွယ်ထားသည့် ယင်းခုံးကျော်တံတားသစ်သည် ဗဟိုလမ်းမှ တစ်ဆင့် မင်းကြီးလမ်း အတိုင်း ဆက်စပ်ဖွဲ့စည်းတည်ဆောက်ခြင်းဖြစ်ပြီး အဆိုပါတံတားသစ် စီမံကိန်းကို ကျန်းသန်းပေါင်း (၁၉၁၀) အကုန်အကျခံ တည်ဆောက်ထားခြင်း ဖြစ်သည်။
တံတားဆောက်လုပ်ရာတွင် အောက်ခံသည် Bored Pile Foundation ဖြစ်ပြီး RC Girder နှင့် Steel Girder ပေါင်းစပ်ထားသည့် ကွန်ကရစ်ကြမ်းခင်း တံတား အမျိုးအစား ဖြစ်ပေသည်။
တံတားအရှည်သည် (၄၄၁) ပေခန့်ရှိပြီး ချဉ်းကပ်တံတားအရှည်သည် (၁၂၃) ပေခန့် ရှိသည်။ တံတားအကျယ် သည် ဘေးတစ်ဖက်တစ်ချက် လူသွားလမ်း ပလက်ဖောင်း ပါဝင်ပြီး ကားအဆင်း တစ်လမ်းသွား အကျယ် (၁၆)ပေ ခန့်ရှိသည်။
တံတားအမြင့်သည် ကားလမ်းအလွတ် အမြင့်ဆုံး နေရာတွင် ရှိပြီး (၁၈) ပေခန့် မြင့်သည်။လက်ရှိအချိန်တွင် ကျန်ရှိနေသည့် တံတား အချောသပ်လုပ်ငန်းများနှင့် ဆက်စပ်သည့် ဆင်းလမ်းများကို ပြုလုပ်နေခြင်း ဖြစ်သည်။
ကတ္တရာလောင်းခြင်းများ ၊ ကွန်ကရစ်ခင်းသည့် လုပ်ငန်းများကိုလည်း ပြုလုပ်ပြီးစီးနေသည် ဖြစ်၍ လာမည့် (၂၀၂၁) ခုနှစ် ၊ ဇန်နဝါရီ (၄) ရက်နေ့၊ လွတ်လပ်ရေးနေ့တွင် အဆိုပါ တံတားအား ဖွင့်လှစ်သွားမည် ဖြစ်သည်။
ထိုတံတားသစ်ကြီး ဖွင့်လှစ်ပြီးသည့်အချိန်တွင် မော်တော်ယာဉ်များသည် အင်းစိန် စျေးမှတစ်ဆင့် မင်းကြီးလမ်းဘက် ခြမ်းတွင် ရှိသည့် ဆေးရုံ၊ အုပ်ချုပ်ရေးမှူးရုံးနှင့် အင်းစိန်(GTI) ကျောင်း တို့ကို ထိုတံတားသစ်မှ တစ်ဆင့် သွားလာနိုင်မည် ဖြစ်သည်။
Source-MOI