ဒီတစ်ပတ်ရဲ့ ပိတ်ရက်ရှည်မှာ သွားလည်ဖို့ အကောင်းဆုံး ခရီးစဥ် (၃) ခု




By WMMH (Mizzy)

တစ်လတာလုံး အလုပ်တွေ ကြိုးစားခဲ့သမျှ ပိတ်ရက်မှာတော့ ခဏတာ စိတ်ထွက်ပေါက်အဖြစ် အနားယူအပန်းဖြေဖို့ ထိုက်တန်ပါတယ်နော်။ ဒီတစ်ခါမှာတော့ ပိတ်ရက်ရှည်မှာ ခရီးသွားချင်သူတွေအတွက်ရော၊ ခရီးသွားရတာ ဝါသနာပါသူတွေအတွက်ပါ ရုံးပိတ်ရက်အတွင်း သွားလို့ကောင်းမယ့် ခရီးစဉ် (၃) ခုကို ဖော်ပြပေးလိုက်ပါတယ်။ 

၁။ ကြာအင်းတောင် 

ဘားအံမြို့ရဲ့ ရှုမဝတဲ့ အလှအပတွေကို တစ်ဝကြီး ငေးမောနိုင်မယ့်အပြင် နာမည်ကြီးလှတဲ့ ဇွဲကပင်တောင်ကိုလည်း အနီးကပ်မြင်ဖူးချင်တယ်ဆိုရင်တော့ ကြာအင်းတောင်ကို သွားလည်သင့်ပါတယ်။ ကြာအင်းတောင်က တောင်တန်းအမြင့်ကြီးတွေထဲ မပါတာမို့ အရမ်းမြင့်တဲ့ တောင်တွေတက်ရမှာ ကြောက်တတ်သူတွေ၊ မိုးတွင်းမို့ ကြမ်းတမ်းတဲ့ တောင်တက်ခရီးတွေကို မသွားချင်သူတွေအတွက်တော့ အဆင်ပြေမယ့် ခရီးစဥ်တစ်ခုပါပဲ။ ကြာအင်းတောင်က ဘားအံ ကားဝင်းအဟောင်းအနီး၊ ရတနာဒီပ ရပ်ကွက်မှာ တည်ရှိပြီး Google Map ကနေလည်း အလွယ်တကူ ရှာဖွေသွားရောက်လို့ရတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်နော်။ 

၂။ ပြင်ဦးလွင်တောထဲက သစ်ပင်အိမ် 

နိုင်ငံခြားရုပ်ရှင်ကားတွေထဲကလို ပြင်ဦးလွင်က တောကြီးမျက်မည်းထဲမှာ တစ်လုံးထဲရှိနေတဲ့ သစ်ပင်အိမ်လေး။ သဘာဝတရားကိုပဲ သီးသန့်ခံစားနိုင်အောင် စီစဥ်ပေးထားတာမို့ မြို့ပေါ်မှာလို ဘာခေတ်ပေါ် Entertainment မှ မရှိပါဘူးနော်။ အလွယ်တကူ ပျင်းတတ်တဲ့သူတွေဆိုရင်တော့ ဖတ်စရာ စာအုပ်လေးတွေ ယူသွားတာမျိုး၊ Netflix က ဇာတ်လမ်းလေးတွေ ဒေါင်းထားပြီး ကြည့်တာမျိုး လုပ်လို့ရပါတယ်။ တောတောင်၊ ရေမြေ သဘာဝအလှတရားစစ်စစ်ကို ခံစားရမယ့်အပြင် တောတွင်းခရီးစဥ် အသစ်အဆန်းတွေကိုမှ စူးစမ်း ရှာဖွေချင်သူများအတွက် ဒီခရီးစဥ်လေးက စွန့်စားဖို့ အသင့်တော်ဆုံးပါပဲ။

၃။ ကလောမြို့ 

မြို့ပြရဲ့ အဝေးမှာ အေးအေးဆေးဆေး အနားယူချင်သူတွေအတွက်တော့ ကလောမြို့က အထူး သင့်တော်ပါတယ်။ အခုလို မိုးရာသီမှာ ကလောကို သွားလည်မယ်ဆိုရင် Trekking တွေ တောင်တက်ခရီးစဥ်တွေထက် ကလောမြို့တွင်းနဲ့ အနီးတဝိုက်က ဓာတ်ဖမ်းလို့ကောင်းတဲ့ နေရာတွေကို လျှောက်လည်သင့်ပါတယ်နော်။ လည်လို့ကောင်းတဲ့ နေရာတွေကတော့ ကလောစျေး၊ ကလောဘူတာ၊ နှစ်တစ်ရာသက်တမ်းရှိ ဘုရားကျောင်း၊ မြို့တွင်းက ကိုလိုနီခေတ်အိမ်များ စတဲ့နေရာလေးတွေပါပဲ။ ဓာတ်ပုံလှလှလေးတွေ တဝကြီးရိုက်ရင်း အနားယူချင်ရင်တော့ ကလောမြို့ကို သွားရောက် လည်ပတ်ကြဖို့ ညွှန်းလိုက်ပါရစေ။ 

ပိတ်ရက်မှာ သွားလည်ဖို့ ကွယ်ပျောက်နေတဲ့ နိဗ္ဗာန်ဘုံလေး (၃) ကို ပြောပြပြီးသွားပြီဆိုတော့ သင်ရော ဘယ်ခရီးကို သွားဖို့ စီစဉ်ထားလဲဆိုတာ ကွန်းမန့်မှာ ပြောခဲ့ပေးသွားပါဦးနော်။ 

<< Back
Travel Read 152 times

Featured categories

All categories