ဇန်နဝါရီလမှ စတင်ကာ YBS ယာဉ်လိုင်းများအား တစ်နေ့လျှင် ခရီးသည် ခြောက်သိန်းကျော် စီးနင်းလျက်ရှိ

Ads Ads Ads

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ပြီးခဲ့သော ဇန်နဝါရီလ (၆) ရက်နေ့တွင် YBS ယာဉ်လိုင်းပေါင်း (၁၀၆) လိုင်းမှ YBS စီးနင်းသူ ခရီးသည်ဦးရေ (၆)သိန်းကျော်ခန့် ရှိလာပြီဖြစ်ကြောင်း MOI ၏ ထုတ်ပြန်ချက်အရ သိရသည်။

YBS ယာဉ်လိုင်းများတွင် နေ့လည်နေ့ခင်းတွင် ခရီးသည် နည်းပါးလေ့ရှိပြီး နံနက်နှင့် ညနေ ရုံးဆင်းချိန်များတွင်မူ လိုက်ပါစီးနင်းသူ များပြားကြောင်း သိရသည်။ လက်ရှိ ရန်ကုန်မြို့တွင်းတွင် ယာဉ်အစီးရေ (၃,၂၅၂) စီး  ပြေးဆွဲလျက်ရှိပြီး လူဦးရေ (၆၁၇,၅၀၇) ဦးမှ လိုက်ပါစီးနင်းလျက် ရှိသည်။

YBS စီးနင်းရာတွင် ခရီးသွားပြည်သူများအား ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင် စီးနင်းရန်နှင့်  လက်သန့်ဆေးရည် အသုံးပြုမှု ရှိစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် YRTA တို့မှ အသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်ပေးလျက် ရှိသည်။

ခရီးသွားများ အနေဖြင့် ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိပါက ယာဉ်စီးနင်းခြင်းကို ခွင့်မပြုကြောင်း YBS ယာဉ်ကြီးများတွင် အသိပေးကြေညာထားပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့ကျစေရေးအတွက် ဘေးမှန်တံခါးဖွင့်ကာ မောင်းနှင်စေကြောင်း သိရသည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ရန်ကုန်မြို့တွင် ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများအား ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ခရီးသွားပြည်သူများ၏ သွားလာမှု အခြေအနေနှင့် ယာဉ်မောင်းများ၏ ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေအပေါ် မူတည်၍ နေ့စဉ်ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းအရေအတွက်နှင့် မော်တော်ယာဉ် အစီးရေများအား လိုအပ်သလို စီမံပြေးဆွဲလျက် ရှိကြောင်း သိရသည်။

Yangon Trend Read 150 times