Photo : Tripadvisor
ရန်ကုန်မြို့၊ ဆူးလေမီးပွိုင့်အနီးရှိ Sule Shangri-La Hotel ကို (၂၀၂၁)ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်ကာ ယာယီပိတ်သိမ်းသွားမည် ဖြစ်ကြောင်း Shangri-La Hotel ၏ တရားဝင် ကြေညာစာတွင် ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ ခရီးသွားလာခြင်းများအား ယာယီကန့်သတ် ပိတ်သိမ်းထားခဲ့ရာ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများသည်လည်း ကာလရှည်ကြာစွာ ရပ်နားနေရသည်။
ကိုဗစ်စတင်ချိန်မှ စကာ (၁၀)လတိုင် ခရီးသွားလုပ်ငန်းများ ရပ်နားထားရခြင်းကြောင့် ရန်ကုန်မြို့ရှိ ဟိုတယ်အသေးစားများနှင့် ခရီးသွားအေဂျင်စီ အများစု ပိတ်သိမ်းထားခဲ့ရပြီး ယခုတွင် ဟိုတယ်အကြီးစားများပါ ယာယီပိတ်သိမ်းလာကြခြင်း ဖြစ်သည်။
Sule Shangri-La Hotel ကို ဖေဖော်ဝါရီလမှ စတင်ကာ ယာယီပိတ်သိမ်းသွားမည် ဖြစ်ပြီး (၈)လခန့် ယာယီပိတ်သိမ်းကာ (၂၀၂၁) ခုနှစ်၊ နောက်ဆုံးလများတွင်မှ ပြန်လည်ဖွင့်လှစ်နိုင်မည်ဟု ဟိုတယ်မှ ခန့်မှန်းပြောဆိုထားကြောင်း သိရသည်။
Shangri-La ရှိ ဝန်ထမ်းများ အားလုံးကိုလည်း ဟိုတယ်ဘက်မှ တတ်နိုင်သမျှ ကူညီသွားမည် ဖြစ်ပြီး Shangri-La အနေဖြင့် Sule Square Mall & Office နှင့် Shangri-La Residences တို့ကိုမူ ဆက်လက် ဖွင့်လှစ်သွားမည်ဟု သိရသည်။
ကိုဗစ်ပထမလှိုင်း ကတည်းက ဟိုတယ်နှင့် ခရီးသွားကဏ္ဍသည် သုညသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး ကာလရှည်ကြာ လာသည်နှင့်အမျှ ပိုမိုအထိနာရန်သာ ရှိတော့သည်ဟု မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများက ဆိုခဲ့သည်။
Source from Myanmar Harp Media, Myanmar Tourism Update New