သင်္ကြန်ကာလအတွင်း ဝန်ထမ်းများအတွက် Express (၁၀) စီးဖြင့် နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲပေးမည်


နေပြည်တော်ရှိ ရုံးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း သွားလာရေးအဆင်ပြေစေရန်အတွက် နေပြည်တော်-ရန်ကုန် ခရီးစဉ်တစ်ခုကို မော်တော်ယာဉ်ကြီးများဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်ရှိ နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေးဌာန၏ အစီအစဉ်ဖြင့် ယခုလိုပြုလုပ်ပေးခြင်းဖြစ်သည်။

အဆိုပါခရီးစဉ်တွင် MAN/Volvo Express Bus အမျိုးအစား ယာဉ် (၅) စီး၊ ခုံ ၂၀၀ ဖြင့် နေပြည်တော်-ရန်ကုန်(အသွား/အပြန်) ယာဉ်စီးခ ငွေကျပ် ၁၅၀၀၀ ဖြင့်လည်းကောင်း၊ Hyundai City Bus အမျိုးအစား ယာဉ် (၅) စီး၊ ခုံ ၂၀၀ ဖြင့် နေပြည်တော်-ရန်ကုန် (အသွား/အပြန်) ယာဉ်စီးခ ငွေကျပ် ၁၁၀၀၀ ဖြင့်လည်းကောင်း စုစုပေါင်း ယာဉ် ၁၀ စီး လူ ၄၀၀ အတွက် ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ထို့ပြင် ယာဉ်စီးခနှင့် လက်မှတ်များကို ဧပြီ ၂ ရက်မှ ၆ ရက်‌အထိ နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း နေပြည်တော် မြို့မဈေး က.ပ.ရ (ဂိတ်)တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်မှ ရန်ကုန်သို့ စတင်ထွက်ရှိမည့်နေ့မှာ ဧပြီ ၉ ရက် ညနေ ၆ နာရီဖြစ်ပြီး ရန်ကုန်မှ နေပြည်တော်သို့ ပြန်လည်ထွက်ရှိမည့်နေ့မှာ ဧပြီ ၁၉ ရက် ညနေ ၆ နာရီဖြစ်သည်။

အဆိုပါခရီးစဉ်တွင် မော်တော်ယာဉ်စီးနင်းခွင့်လက်မှတ် ရောင်းချပေးနိုင်မည့် အရေအတွက်ထက် ခရီးသွားဝန်ထမ်း ပိုမိုများပြားနေပါက ဝန်ကြီးဌာနအလိုက် အချိုးချကန့်သတ်ရောင်းချပေးသွားမည်‌ ဖြစ်ကြောင်းလည်းသိရသည်။

“ကျွန်တော်တို့ ဌာနအနေနဲ့ ဒီနှစ်မှလုပ်တာ မဟုတ်ပါဘူး။ နှစ်စဉ်သင်္ကြန်ကာလရုံးပိတ်ရက်နဲ့ သီတင်းကျွတ်၊ တန်ဆောင်တိုင် အခါကြီးရက်ကြီး ရုံးပိတ်ရက်ရှည်တိုင်းမှာ ဒီလိုဆောင်ရွက်ပေးတာ ဒီနှစ်နဲ့ဆိုရင် လေးနှစ်ရှိပါပြီ။ အမှန်ကတော့ ဒီကားတွေက ပိုလို့တော့မဟုတ်ပါဘူး။ တခြားဌာနခွဲက လိုင်းတွေကို လျှော့လိုက်ပြီးတော့မှ ကျွန်တော်တို့ ဝန်ထမ်းတွေ သွားရေးလာရေး လွယ်ကူအောင် ဆိုပြီးတော့ စီစဉ်ပေးတာဖြစ်ပါတယ်”ဟု နေပြည်တော်ကုန်းလမ်းပို့ဆောင်ရေးဌာန(ရုံးချုပ်)မှ ဌာနမှူး လက်ထောက်အထွေထွေမန်နေဂျာ ဦးအေးဝင်းက ပြောသည်။

အဆိုပါ နေပြည်တော်-ရန်ကုန် ခရီးစဉ်ကို ထောက်ကြန့်လမ်းဆုံမှ ပြည်လမ်းအတိုင်း မောင်းနှင်၍ ရန်ကုန်ဘူတာကြီးတွင် ခရီးစဉ်ပြီးဆုံးမည်ဖြစ်ပြီး ဒုတိယလမ်းကြောင်းအဖြစ် အမှတ် (၃) လမ်းမကြီးမှ မောင်းနှင်၍ အောင်မင်္ဂလာ အဝေးပြေးဂိတ်၊ မြောက်ဥက္ကလာပအဝိုင်း၊ တံတားလေးလမ်းဆုံ၊ ကမ္ဘာအေးဘုရားလမ်းတို့မှတစ်ဆင့် ရန်ကုန်ဘူတာကြီးတွင် ခရီးစဉ်အဆုံးသတ်မည်ဖြစ်ကြောင်း သိရသည်။

Ref; MOI

Travel

Featured categories

All categories